Friday, 30 September 2016

အလွမ်းတွေဝေသော ညများ

အခန်းပြတင်းကနေမြင်နေရတဲ့ကြယ်လေးတွေကိုငေးရင်း
သူ့ကိုလွမ်းတယ်
မကြွေလိုက်ပါနဲ့ကြယ်ကလေးတို့ရယ်
သူ့ကိုဘယ်လောက်လွမ်းနေကြောင်းတွေ ရင်ဖွင့်ပါရစေ
သူ့ရဲ့ဂရုစိုက်မှုလေးနည်းနည်းဖြစ်ဖြစ်ရနေယုံနဲ့တောင်
ငါ့ကမ္ဘာဟာ အရာရာလှပအေးချမ်းနေတယ်
.
ကောင်မလေးရေ မင်းအိမ်မက်တွေထဲအလည်လာခွင့်ပြုပါ
လူ စိတ်တို့ပင်ပန်းနေရတဲ့မင်းကို
ငါ့နှလုံးသားနဲ့ ထွေးဖက် ယုယခွင့်ပြုပါ
.
ဆုတောင်းမိလိုက်ပါရဲ့
ငါ့လက်ရုံးတွေ မင်းအတွက်အားအင်ဖြစ်ပါစေ
ငါ့ နှလုံးသားမှ ချစ်ခြင်းမေတ္တာတွေနဲ့ မင်းအေးချမ်းသာယာပါစေ
ငါ ပို့သတဲ့ဆုတောင်းမေတ္တာတွေနဲ့ နေ့ရက်တိုင်းလှပပါစေ
ငါ့ ရင်ခွင်ကမ္ဘာထဲ မင်းနွေးထွေးလုံခြုံပါစေ
.
ငါ့ရင်ထဲကအလွမ်းတချို့ကိုဆွဲထုတ်ပြီး
မင်းထံသို့ရည်မှန်း ဖြန့်ကျဲပစ်လွှတ်လိုက်တယ်
အိုးးး ...
အလွမ်းတွေ ဖြာဆင်း ပြန့်ကျဲသွားပုံများ
ကြယ်တွေတောင်ကြွေစရာ နေရာမရှိတော့ဘူးကွယ်

လရောင်
01.10.2016... 01:50am

Monday, 26 September 2016

မျက်ရည်များနဲ့ရေးသောစာ

ကာရံတော့ညီမှာမဟုတ်ဘူး ကျုပ်က ကဗျာဆရာမှမဟုတ်တာ
ရင်ကွဲနာဆိုတာက ခင်ဗျားထင်သလို ကြီးကျယ်ခမ်းနားပေမယ့်
ကျုပ်အတွက်တော့ နှလုံးသားကိုတဲ့တဲ့ထိုးလိုက်တဲ့ဓါးရှည်ပဲ
သိပ် နာကျင်လွန်းတယ် ပြောမပြတတ်အောင်

ဒီဇတ်လမ်းရဲ့အဆုံးမှာ
သူ့ကိုဂုဏ်ပြုသောအားဖြင့် ကျုပ်မငိုဘူး
ကျုပ်ရဲ့စစ်မှန်သောချစ်ခြင်းတွေကိုဂုဏ်ယူသောအားဖြင့် ကျသောမျက်ရည်သာဖြစ်တယ်

ညက တိတ်ဆိတ်သလောက်
အလွမ်းသည်ရဲ့ရင်ခွင်ထဲမှာတော့
သေခြင်းတရားဟာ သွေးခြင်းခြင်းနီနေတယ်

မျှော်လင့်ခြင်းရဲ့ဈာပနဟာ လိုက်လံပို့ဆောင်သူမရှိ
သူ့ကိုယ်သူထမ်းပိုးရင်း သူ့တွင်းသူတူးရင်း နိဂုံးချုပ်သွားလေရဲ့

တိတ်ဆိတ်ခြောက်ကပ်စွာမှောင်မည်းနေတဲ့အခန်းလေးထဲမှာ
ကျုပ်တစ်ယောက်ထည်းသာ ကမ္ဘာပျက်နေလေရဲ့
တိတ်တိတ် ဆိတ်ဆိတ်ပါပဲ သေမတတ်အလွမ်းတွေကိုထမ်းပိုးရင်း
ကြယ်ကြွေတာတောင်ဆုမတောင်းမိတော့ဘူး
ပြည့်မှာမှမဟုတ်တာပဲလေ

ဒီလိုနဲ့ သူ့ကိုလွမ်းရင်း....
တိတ် တိတ် ဆိတ် ဆိတ် သေ ဆုံး သွား သော မျှော် လင့်ချက် များ


လရောင်

သိပ် များများစားစားမရှိပါ


သူသိစေချင်သော ပြောစရာစကားများ
တစ်ဘဝစာတိတိ ရှိသည်...
သူ့ ဆံပင်,မျက်ခုံး,မျက်လုံးလေးတွေနှင့်
သူ့နှုတ်ခမ်းလေးဟာ ဘယ်လောက်လှကြောင်း...
ကျနော် လေးစား မြတ်နိုး တန်ဖိုးထားအပ်သော
တည်ကြည်သော အကျင့်စရိုက် ခိုင်မာသောစိတ်ဓါတ်တို့ရှိကြောင်း...
မတွေ့ရလျှင်တောင် အသံလေးမကြားရသောနေ့များမှာ ဘယ်လောက် လွမ်းကြောင်း...
သူ့ဓါတ်ပုံလေးတွေ ခိုးခိုးနမ်းမိကြောင်း...
နှစ်ဦးသားဘဝကို နားလည်စွာ ပျော်ရွှင်စွာ ဖြတ်သန်းကြဖို့အကြောင်း...
အကြောင်း.....အကြောင်း...
မကုန်ဆုံးနိုင်သော ရင်တွင်းပဲ့တင်သံများအကြား
သူမ ငြီးငွေ့သွားမှာလည်း စိုးရိမ်မိပြန်သည်...
စကားလုံးတို့သည် နှလုံးသား၏ ခံစားချက်တို့အား လောက်လောက်လားလား ပုံဖော်ရန်ကား မစွမ်းနိုင်ချေပြီ...
ထို့ကြောင့် ပြောစရာစကားတို့ သိပ်များများစားစားမရှိပါ...
ကျနော်သူမကို မြတ်မြတ်နိုးနိုးချစ်သည်..
သည်စကားသည်ပင်လျှင် တစ်ဘဝစာ ဖြစ်ချေတော့မည်...
လရောင်
12.09.2016... 02:30am

Thursday, 4 September 2014

တမ်းတခြင်း...အဘိဓာန်

အဲဒီနေ့.....
အရာအားလုံးနဲ့ယှဉ်ပြီး....
မင်းအတွက်မွေးဖွားခဲ့တယ်....
မွေးနေ့တဲ့....
ငါ့ရင်ခုန်သံချက်ကြိုး....
ကြက်သေသေတဲ့နေ့ပါပဲ....
ငါတိုတူတူပျော်ခဲ့ကြတယ်........။။
တမ်းတမှ....အဝေးရောက်နေမှန်း....
ငါလန့်နိုးမိတာ....
တကယ်တော့...
ငါကျောပိုးထားတာ....အမှား....
ရင်ထဲမှာလေပြေရှိပြီး....
ရေရွတ်မိတော့.....
စာလုံးပေါင်းတွေမှားတယ်.....
ငါ့စိတ်နဲ့ငါ.....
ရုပ်သေးရုပ်လောက်...ဟန်ချက်မညီဘူး....
ဒီတော့...
ငါခတ်လိုက်တဲ့တံဆိပ်....
မင်းအတွက်ကြက်ခြေခတ်....ပေါ့....
ချစ်တယ်....
အဲဒီစကား....မင်းအတွက်နှစ်ချို့နေပြီဆိုလဲ....
ငါအခုထိ....ရေလောင်းနေမှာပါပဲ....
မတော်တဆ....
အညှောင့်လေးထွက်လာရင်....
မမေ့နိုင်ဘူးလို့ပြောပေးနိုင်မှာ.....ထာဝရပေါ့...
နင်ကြားနိုင်မယ်ဆိုရင်...
ရုပ်သေးရုပ်ကြိုးဖြတ်ပြီး....အော်ပြောချင်တယ်.....
နင်ပျော်ပါစေ.....
                                 
 
creat::: နေကောင်းကင်နီ